(၂၃-၃-၂၀၂၆ ရက်၊ နေပြည်တော်)
၂၀၂၅ ခုနှစ်အတွင်း မြန်မာ-စင်ကာပူသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည့် Initiative for ASEAN Integration-IAI သင်တန်းများအပေါ် ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (Initiative for ASEAN Integration-IAI) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် တီမောလက်စတေ (CLMV-TL) နိုင်ငံများကို ဦးတည်၍ ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်ပေးနေသည့် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စင်ကာပူနိုင်ငံသည် အာဆီယံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီများ၊ စွမ်းရည်မြှင့်တင်ရေးအတွက် အဓိကဦးစားပေးပံ့ပိုးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း တက်ရောက်ခဲ့သော သင်တန်းများ၏ အားနည်းချက်/ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ၂၀၂၆ ခုနှစ်တွင် ဝန်ကြီးဌာနများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ထိရောက်အကျိုးရှိသည့် သင်တန်းများ အဆိုပြုရန် တိုက်တွန်းခဲ့ပါသည်။ အစည်းအဝေးတွင် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည့် IAI သင်တန်းများအပေါ် အကြံပြုချက်များနှင့် ၂၀၂၆ ခုနှစ်အတွက် အဆိုပြုလိုသည့် သင်တန်းများကို အသီးသီး ဆွေးနွေးခဲ့ကြသည်။


