“အာဆီယံပေါင်းစည်းမှုဆိုင်ရာမဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှု မျှဝေရေးဖိုရမ်” သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် (၃၀-၁၁-၂၀၂၃ ရက်)

(၃၀-၁၁-၂၀၂၃ ရက်၊ ဗီယင်ကျန်း)

အာဆီယံ-တရုတ်ဗဟိုဌာနမှကြီးမှူး၍ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ ၂၆-၁၁-၂၀၂၃ ရက်နေ့မှ ၂၉-၁၁-၂၀၂၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေးဖိုရမ်” သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်တို့ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖိုရမ်သည် အာဆီယံပို့ဆောင်ဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅ (Master Plan on ASEAN Connectivity – MPAC 2025) နှင့် Belt and Road Initiative (BRI) တို့အကြား ပိုမိုကောင်းမွန်သော ချိန်ညှိမှုရရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလအလွန် ဒေသတွင်းချိတ်ဆက်ဆောင်ရွက်မှုကို တသမတ်တည်း အဆင့်မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်က အာဆီယံ-တရုတ်ဆက်သွယ်ပေါင်းစည်းမှုလုပ်ငန်းစဉ်များနှင့် အောင်မြင်မှုများအပေါ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။