အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှပါဝင်တက်ရောက် (၈-၈-၂၀၂၅ ရက်)

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ ဝါရှင်တန်ဒီစီ)

ဝါရှင်တန်ဒီစီမြို့အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများသည် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားကို ၈-၈-၂၀၂၅ ရက်၊ ၁၁၀၀ နာရီမှ ၁၆၀၀ နာရီအထိ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံး၌ ကျင်းပခဲ့ရာ ယင်းအခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်နှင့် သံရုံးမှတာဝန်ရှိသူများသည် အခြားအာဆီယံသံရုံးများမှသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် အာဆီယံ ကော်မတီဝါရှင်တန် (ACW) ၏ အလှည့်ကျဥက္ကဋ္ဌ H.E. Dr. Suriya Chindawongse၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၊ အမေရိကန်နိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Tan Sri Muhammad Shahrul Ikram Yaakob နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၊ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Jonathan Fritz တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် အာဆီယံသီချင်းအား ဖွင့်လှစ်ခဲ့ပြီး၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့က စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားသို့တက်ရောက်လာကြသူများအား အာဆီယံသံရုံးများက ရိုးရာအက၊ ဂီတ စသည့် ယဉ်ကျေးမှုဆိုင်ရာ အနုပညာတင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ စားသောက်ဖွယ်ရာ များဖြင့် ဧည့်ခံခဲ့ကြပါသည်။ မြန်မာသံရုံးအနေဖြင့် မြန်မာ့ရိုးရာငွေထည်ပစ္စည်းများကို ပါဝင်ပြသ၍ ဧည့်သည်တော်များအား မြန်မာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းခဲ့ပြီး၊ ဖျော်ဖြေတင်ဆက်မှု များတွင် ပါဝင်ခဲ့ပါသည်။