(၂၉-၁-၂၀၂၆ ရက်၊ စီဘူးမြို့)
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် ဖိလစ်ပိုင် နိုင်ငံက ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ် များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ အမြဲတမ်းအတွင်းဝန်က ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခြင်းနှင့် ၎င်း၏ ဉီးစားပေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံက ထောက်ခံကြောင်း ပြောကြားခဲ့ပြီး၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့်ကိစ္စအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ဆွေးနွေးအသိပေးခဲ့သည်။
အစည်းအဝေးကာလအတွင်း အမြဲတမ်းအတွင်းဝန်သည် တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီး Mr. Bendito dos Santos Freitas နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Leo M. Herrera-Lim တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးမတိုင်မီ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၂၈ ရက်တွင် ကျင်းပပြုလုပ်သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးသို့ အာဆီယံရေးရာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးဟန်ဝင်းအောင် ဉီးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။




