အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ Indonesian Youth Diplomacy (IYD) လူငယ်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၂၂-၃-၂၀၂၃ ရက်)

(၂၂-၃-၂၀၂၃ ရက်၊ ဂျကာတာ)
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် Indonesian Youth Diplomacy (IYD) အဖွဲ့မှ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Mr. Angelo Wijaya နှင့် အင်ဒိုနီးရှားလူငယ်ကိုယ်စားလှယ်အဖွဲ့အား ၂၂-၃-၂၀၂၃ ရက်တွင် ဂျကာတာမြို့၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
IYD အဖွဲ့အစည်းသည် အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် လူငယ်အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ Youth 20 (Y20) အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ အင်ဒိုနီးရှားလူငယ်များကို နိုင်ငံတကာ အတွေ့အကြုံများ မျှဝေကာ ဗဟုသုတများ မြှင့်တင်သွားရန် ရည်ရွယ်ပြီး၊ ယခု ၂၀၂၃ ခုနှစ် အတွင်း အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလတွင် ဦးစားပေး အကောင်အထည်ဖော်မည့် အစီအစဉ် (၃) ခုရှိကြောင်း သိရှိရပါသည်။ အဆိုပါ အစီအစဉ် (၃) ခု ဖြစ်သော Digital Literacy and Inclusion ၊ Green Economy ၊ Food Security ခေါင်းစဉ်များအပေါ် မြန်မာအမြဲတမ်းကိုယ်စားလှယ်က အကြံပြုဆွေးနွေးခဲ့ပါသည်။
ASEAN Youth Innovative Challenges and Business Collaboration 2023 အောက်တွင် Policy Case Competition နှင့် Business Collaboration Competition တို့ကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ASEAN Youth Start-up Forum နှင့် ASEAN + Youth Symposium တို့ကိုလည်း ၂၀၂၃ ခုနှစ်အတွင်း ကျင်းပရန် ရည်ရွယ်ထားပါကြောင်း၊ အဆိုပါ အစီအစဉ်များသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်များ ပါဝင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း Indonesian Youth Diplomacy (IYD) အဖွဲ့မှ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။