အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်

(၂၆-၉-၂၀၂၅ ရက်၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ၁၅-၉-၂၀၂၅ ရက်တွင် ASEAN Foundation Model ASEAN Meeting East Asia Summit 2025 ဖွင့်ပွဲ အခမ်းအနား၊ ၁၈-၉-၂၀၂၅ ရက်တွင် ဒုတိယအကြိမ် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ဝင်နိုင်ငံများညီလာခံ၊ ၂၂-၉-၂၀၂၅ ရက်တွင် အာဆီယံ-ကိုရီယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ ၂၀၂၄ ခုနှစ် အစီရင်ခံစာ ရှင်းလင်းပွဲအခမ်းအနားနှင့် ၂၅-၉-၂၀၂၅ ရက်တွင် (၂၃)ကြိမ်မြောက် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ အပေါင်းသုံး အစည်းအဝေး တို့သို့ အသီးသီး ပါဝင်တက်ရောက်ခဲ့ပါသည်။

ASEAN Foundation Model ASEAN Meeting East Asia Summit 2025 (AFMAM EAS 2025) အစီအစဉ်သည် ၂၀၂၅ ခုနှစ်တွင် East Asia Summit ယန္တရားကို တည်ထောင်သည့် နှစ် (၂၀)ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံဆိုင်ရာ ဩစတြေးလျ၊ တရုတ်နှင့် ဂျပန် အဖွဲ့ရုံးများမှ ပူးတွဲစီစဉ်ခြင်းဖြစ်ကာ အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စတေနိုင်ငံတို့မှ လူငယ်များပါဝင်ခဲ့ပြီး အာဆီယံနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေး များနှင့် ဘာသာရပ်အစီအစဉ်များကို သိရှိနိုင်ရန်၊ လူငယ်အချင်းချင်း ဆက်ဆံရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့ကို မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ဝင်နိုင်ငံများ၏ ဒုတိယ အကြိမ် ညီလာခံကို “Treaty of Amity and Cooperation in Southeast Asia: Challenges and Opportunities – Past, Present and Future” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး၊ တက်ရောက်လာသည့် TAC စာချုပ်ဝင်နိုင်ငံများမှ သံအမတ်ကြီးများ/ကိုယ်စားလှယ်များက TAC ပါ ပြဋ္ဌာန်းချက်များအပေါ် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုဆွေးနွေးခဲ့ကြပါသည်။

အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (AKCF) ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာ ရှင်းလင်းပွဲအခမ်းအနားတွင် ၂၀၂၄ ခုနှစ်အတွင်း AKCF အောက်မှ ပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် စီမံကိန်းများနှင့်ပတ်သက်၍လည်းကောင်း၊ AKCF အောက်မှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

အလားတူ (၂၃)ကြိမ်မြောက် အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များကော်မတီ အပေါင်း သုံး အစည်းအဝေးတွင် အာဆီယံအပေါင်းသုံး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) အကောင်အထည်ဖော်ဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ခဲ့ပြီး၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် အာဆီယံ အပေါင်းသုံးထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။