(၁၉-၆-၂၀၂၅ ရက်၊ ဂျကာတာ)
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ဂျကာတာမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် ကျင်းပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီအကြား တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ကိုရီးယား ပေါင်းစည်းဆက်သွယ်မှုဆိုင်ရာဆွေးနွေးပွဲ (2025 ASEAN-ROK Connectivity Symposium) သို့လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ဂျကာတာဖိုရမ် (2025 Jakarta Forum on ASEAN-China Relations) သို့လည်းကောင်း အသီးသီး ပါဝင်တက်ရောက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Sugiono နှင့် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီတို့အကြား တွေ့ဆုံဆွေးနွေးပွဲ၌ အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ အခန်းကဏ္ဍအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရလဒ်များကို ကြိုဆို၍ အထူးသဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို ဖော်ဆောင်နိုင်ရေး၊ အာဆီယံယန္တရားများကို အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ ASEAN-ROK Connectivity Symposium 2025 ကို “ASEAN-ROK Cooperation on Connectivity: Master Plan on ASEAN Connectivity 2025 Review and Opportunities under the ASEAN Connectivity Strategic Plan” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး၊ အာဆီယံပေါင်းစည်းဆက်သွယ်မှု မဟာစီမံကိန်း (Master Plan on ASEAN Connectivity- MPAC 2025) အကောင်အထည်ဖော်မှုအပါအဝင် အာဆီယံပေါင်းစည်းဆက်သွယ်မှုအောက်မှ ဖြစ်ပေါ်တိုးတက်မှုများ၊ စိန်ခေါ်မှုများနှင့် မကြာသေးမီက အတည်ပြုခဲ့သည့် အာဆီယံပေါင်းစည်းဆက်သွယ်မှုမဟာဗျူဟာအစီအစဉ် (ASEAN Connectivity Strategic Plan- ACSP) အောက်၌ ကိုးရီးယားသမ္မတနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအပေါ် ဆွေးနွေးခဲ့ကြသည်။ အလားတူ Jakarta Forum on ASEAN-China Relations 2025 ကို “New Areas, New Engines and New Opportunities” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး၊ အာဆီယံနှင့် တရုတ်အကြား အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကကျသော မဟာဗျူဟာမြောက် ဦးစားပေးကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
***************


