အာဆီယံဆက်စပ်အစည်းအဝေးများသို့အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်(၃၀-၄၂၀၂၆၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံ- နယူးဇီလန် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးနှင့် (၃) ကြိမ်မြောက် အာဆီယံ-ပီရူး ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့သည်။
၂၄-၄-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးတွင် အာဆီယံ-နယူးဇီလန် လုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅) အပြည့်အဝအကောင်အထည်ဖော်နိုင်မှုအပေါ် မှတ်တမ်းတင်ခဲ့ပြီး အာဆီယံ-နယူးဇီလန် ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေးကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်သစ် (၂၀၂၆-၂၀၃၀) စတင်မည့်အပေါ် ကြိုဆိုလျက် ရှေ့ဆက် ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၉-၄-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် (၃) ကြိမ်မြောက် အာဆီယံ-ပီရူး ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် အာဆီယံ-ပီရူး လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် (၂၀၂၅-၂၀၂၉) အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ အလားတူ အနာဂတ်ကာလတွင် သဘာဝပတ်ဝန်းကျင်၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှု၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု စသည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြသည်။