အာဆီယံဆက်စပ်အစည်းအဝေးများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

 (၂၈-၁၁-၂၀၂၅ ရက်၊ ဂျကာတာ)

 အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် သတ္တမအကြိမ်မြောက် အာဆီယံ-တူကီယဲ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး၊ ပဉ္စမအကြိမ်မြောက် အာဆီယံ-အီတလီ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေး၊ ပဉ္စမအကြိမ် မြောက် အာဆီယံ-ပြင်သစ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးနှင့် နဝမအကြိမ်မြောက် အာဆီယံ-ဂျာမနီ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့သည်။

၂၄-၁၁-၂၀၂၅ ရက်တွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် အာဆီယံ-တူကီယဲ ကဏ္ဍ အလိုက်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးတွင် အာဆီယံ-တူကီယဲ လက်တွေ့ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် ၂၀၂၄-၂၀၂၈ အကောင်အထည်ဖော်မှုအပါအဝင် အနာဂတ် ပူးပေါင်းဆောင်ရွက်ရာတွင် ဆိုက်ဘာလုံခြုံရေး၊ ဒစ်ဂျစ်တယ်ပေါင်းစည်းရေး၊ ပတ်ဝန်းကျင် အကျိုးပြုစီးပွားရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်မှုကွင်းဆက်၊ ခေတ်မီစိုက်ပျိုးရေး၊ သဘာဝ ဘေးစီမံခန့်ခွဲရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 ထို့နောက် ၂၆-၁၁-၂၀၂၅ ရက်တွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် အာဆီယံ-အီတလီ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးတွင် အာဆီယံ-အီတလီ လက်တွေ့ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် ၂၀၂၂-၂၀၂၆ အကောင်အထည်ဖော်မှုအပေါ် ဆွေးနွေး သုံးသပ်ခဲ့ပြီး ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ဖြေရှင်းရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံမှုရှိစေရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ဖော်ဆောင်ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ၂၇-၁၁-၂၀၂၅ ရက်တွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် အာဆီယံ- ပြင်သစ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် အာဆီယံ-ပြင်သစ် လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် ၂၀၂၂-၂၀၂၆ ကို ပိုမိုအရှိန်အဟုန်မြှင့် အကောင် အထည်ဖော်ရန်နှင့် ဦးစားပေးလုပ်ငန်းစဉ်များအဖြစ် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ဆိုက်ဘာ လုံခြုံရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေး၊ အာဆီယံဓာတ်အားလိုင်းစီမံကိန်းနှင့် အာဆီယံ ဒစ်ဂျစ်တယ် စီးပွားရေးမူဘောင်သဘောတူညီချက်တို့ အကောင်အထည်ဖော်ရေး၊ သဘာဝ ဘေးအန္တရာယ်များမှ လုံခြုံမှုရှိပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သောအသိုက်အဝန်း တည်ဆောက်ရေး စသည့်ကဏ္ဍများကို အဓိကဆွေးနွေးခဲ့ကြသည်။

  အလားတူ ၂၈-၁၁-၂၀၂၅ ရက်တွင် ကျင်းပသည့် နဝမအကြိမ်မြောက် အာဆီယံ-ဂျာမနီ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် အာဆီယံ-ဂျာမနီ လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် ၂၀၂၃-၂၀၂၇ အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ခဲ့ပြီး MSMEs နှင့် circular economy ဖွံ့ဖြိုးရေး၊ ပေါင်းစည်းဆက်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံရေး စသည့် နှစ်ဖက်အကျိုးဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ကျယ်ပြန့်စွာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြ သည်။ 

*******************