(၃၀-၉-၂၀၂၆၊ မနီလာ)
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့် သီးသန့်အစည်းအဝေးသို့ မနီလာမြို့၊ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါ်အိအိတင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့် သီးသန့်အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Ms. Verna Buensuceso က အစည်းအဝေး သဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်စားလှယ်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သီးသန့်အစည်းအဝေးတွင် အာဆီယံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ခံနိုင်ရည်ရှိသော ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု အလားအလာဆိုင်ရာ သဘောတရားစာတမ်း (ASEAN Sustainable and Resilient Tourism Investment Outlook) ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး၊ အာဆီယံတစ်ဝန်း ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပိုမိုခိုင်မာအားကောင်းလာစေရန်၊ ခရီးစဉ်ဒေသများ၏ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေရန်အတွက် အရည်အသွေးမြင့်မားပြီး ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများကို စုစည်းဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးထားဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့် သီးသန့်အစည်းအဝေးနှင့်ဆက်စပ်၍ အာဆီယံခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုပြပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပြပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်ခဲ့ကြပြီး ဒေသတွင်းရှိ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


