(၂၄-၂-၂၀၂၆ ရက်၊ ကူဝိတ်) အာဆီယံကော်မတီကူဝိတ် (ASEAN Committee Kuwait-ACK) အဖွဲ့ဝင် သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံများသည် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး Mr. Sameeh Essa Johar Hayat ကိုသွားရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေး ပါဝင်တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲ၌ ကူဝိတ်နှင့် အာဆီယံအကြား ဆက်ဆံရေးတိုးမြှင့်ရန် ကူဝိတ်ဘက်မှထားရှိသည့် ကတိကဝတ်ကို လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းအတည်ပြုခဲ့ပြီး ကူဝိတ်၌ ACK နှင့် ထိတွေ့ ဆက်ဆံမှုများ ပိုမိုပြုလုပ်နိုင်ရေးအပေါ်အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ACK ကလည်း ကူဝိတ်၌ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံ၍ လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းဖြင့် ကူဝိတ်နှင့် ဆက်ဆံရေးကို တိုးမြှင့်ရန်လုပ်ဆောင်နေမှုများအား ရှင်းပြခဲ့ပါသည်။ တွေ့ဆုံပွဲ၌ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းပြခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် လိုလားကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။



