အာဆီယံကော်မတီ၊ ဝါရှင်တန်၏ အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်(၁၆-၂-၂၀၂၃ ရက်)

(၁၆-၂-၂၀၂၃ ရက်၊ ဝါရှင်တန်၊ဒီစီ)

ဝါရှင်တန်၊ ဒီစီရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးသက်ဝင်း သည် ၁၆-၂-၂၀၂၃ ရက်၊ နေ့လယ်ပိုင်းတွင် ဘရူနိုင်းဒါရုဆလမ်သံရုံး၌ ကျင်းပသည့် အာဆီယံ ကော်မတီ-ဝါရှင်တန် အစည်းအဝေးနှင့် အာဆီယံကော်မတီ-ဝါရှင်တန်၏ အဖွဲ့ဝင် သံရုံးအကြီးအကဲများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့တောင်အာရှဒေသဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ ဝါရှင်တန်၊ ဒီစီအခြေစိုက် အခြားအာဆီယံသံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အာဆီယံကော်မတီ အစည်းအဝေးတွင် လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရုဆလမ် သံအမတ်ကြီးက ၎င်းတာဝန်ယူစဉ်ကာလအတွင်း အာဆီယံကော်မတီ၏ လအလိုက် လှုပ်ရှားဆောင်ရွက်ခဲ့မှုများ၊ အိမ်ရှင်အစိုးရနှင့် ထိတွေ့ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် ဒုတိယအစီအစဉ်အဖြစ် အာဆီယံ ကော်မတီ-ဝါရှင်တန်၏ အဖွဲ့ဝင် သံရုံးအကြီးအကဲများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးသည့် အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၊ လက်ထောက်ဝန်ကြီး Mr. Daniel J. Kritenbrink ၊ ဒုတိယလက်ထောက်ဝန်ကြီးများဖြစ်ကြသော Ms. Melissa Brown နှင့် Dr. Jung H. Pak ၊ နိုင်ငံစုံရေးရာရုံး (Office of Multilateral Affairs) မှ ညွှန်ကြားရေးမှူး Ms. Holly Lindquist Thomas နှင့် အရာထမ်းအချို့ တက်ရောက်ခဲ့ကြပြီး ကော်မတီအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရုဆလမ် သံအမတ်ကြီးမှ ဦးဆောင်၍ နှစ်ဖက်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။