(၂၈-၂-၂၀၂၅ ရက်၊ အော်စလို)
မြန်မာသံရုံး၊ အော်စလိုမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၇-၂-၂၀၂၅ ရက်၊ မွန်းလွဲ (၁၄:၀၀) နာရီတွင် အော်စလိုမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံကော်မတီအော်စလို (ASEAN Committee in Oslo – ACO) အလှည့်ကျဥက္ကဋ္ဌလွှဲပြောင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နော်ဝေနိုင်ငံအခြေစိုက် အာဆီယံ သံရုံးများဖြစ်ကြသည့် မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှ သံအမတ် ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် သက်ဆိုင်ရာအရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ နော်ဝေနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr.Teuku Faizasyah က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ACO အလှည့်ကျဥက္ကဋ္ဌတာဝန်ကို နော်ဝေနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Enrico T. Fos ထံ တရားဝင်လွှဲပြောင်းခဲ့ပါသည်။ ဖိလစ်ပိုင်သံအမတ်ကြီးမှ ACO အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ တာဝန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
*************************************


