အာဆီယံကော်မတီဟာဗားနား၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ပွဲနှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ ဟာဗားနားမြို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ပါဝင်တက်ရောက်

(၉-၁-၂၀၂၆ ရက်၊ ဟာဗားနား)

အာဆီယံကော်မတီဟာဗားနား၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ပွဲနှင့် အလုပ်သဘော နေ့လယ်စာစားပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်၊ ဒေသစံတော်ချိန် ၁၂၃၀ နာရီတွင် ဟာဗားနား မြို့ရှိ Grand Aston ဟိုတယ်၊ 92 စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့ရာ ဟာဗားနားမြို့ အခြေစိုက် အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ဟာဗားနားမြို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းသူထက် ပါဝင်တက်ရောက်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲ၌ ပြီးခဲ့သည့်(၆)လအတွင်း အာဆီယံကော်မတီဟာဗားနား၏ ဆောင်ရွက်ချက်များ၊ ၂၀၂၅ ခုနှစ်အတွင်း မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် အာဆီယံအဖွဲ့၏ရလဒ်များ၊ အာဆီယံ-ကျူးဘား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မျက်မှောက်ကမ္ဘာ့ ရေးရာကိစ္စရပ်များအပေါ် အာဆီယံသံရုံးအကြီးအကဲများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် လာမည့်(၆)လအတွက် အာဆီယံကော်မတီဟာဗားနား၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားသံအမတ် ကြီးမှ လာအိုသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းနောက် အာဆီယံသံရုံးအကြီးအကဲများ က နေ့လည်စာသုံးဆောင်ခြင်းဖြင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။