အာဆီယံကော်မတီဝါရှင်တန်(ACW)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပွဲနှင့် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ(CSIS)မှ ညွှန်ကြားရေးမှူးနှင့် အကြီးတန်းသုတေသီ Mr. Gregory B. Poling နှင့်တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးပါဝင်တက်ရောက်(၂၉-၄-၂၀၂၆၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန် (ASEAN Committee in Washington, ACW)၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းသံအမတ်ကြီး ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် ဘရူနိုင်းသံရုံး၌ ကျင်းပပြုလုပ်သည့် အာဆီယံကော်မတီ ဝါရှင်တန်(ACW)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းသံအမတ်ကြီးမှ ကမ္ဘောဒီးယား သံအမတ်ကြီး ထံသို့ လွှဲပြောင်းပေးအပ်ပွဲနှင့် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ(CSIS)မှ ညွှန်ကြားရေးမှူး နှင့် အကြီးတန်းသုတေသီ Mr. Gregory B. Poling နှင့်တွေ့ဆုံပွဲသို့ အာဆီယံသံအမတ်ကြီးများ၊ အခြား အာဆီယံသံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် တက်ရောက်လာသည့်ကိုယ်စားလှယ်များက အမေရိကန်အစိုးရ၏ အင်ဒို-ပစိဖိတ်ဒေသနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ ဦးစားပေးကဏ္ဍများ၊ အရှေ့အလယ်ပိုင်းဒေသ အခြေအနေများနှင့် အာဆီယံနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် နိုင်မည့် အလားအလာများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် မြန်မာသံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီးက အွန်လိုင်းလိမ်လည်မှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာ အစိုးရ၏ ဆောင်ရွက်နေမှု အခြေအနေများကို ထည့်သွင်း ရှင်းလင်းပြောကြားခဲ့ပါသည်။