(၂၉-၁-၂၀၂၆ ရက်၊ ဝါရှင်တန်)
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန်(ASEAN Committee in Washington, ACW)၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းသံအမတ်ကြီး ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ဘရူနိုင်းသံရုံး၌ ကျင်းပပြုလုပ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး H.E. Mr. Michael G. DeSombre နှင့် တွေ့ဆုံပွဲနှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ အာဆီယံသံအမတ်ကြီးများ၊ အခြား အာဆီယံသံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တက်ရောက်လာသည့်ကိုယ်စားလှယ်များက အာဆီယံ-အမေရိကန်ဘက်ပေါင်းစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖိလစ်ပိုင်နိုင်ငံက အာဆီယံ၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်တွင် ဦးစားပေးဆောင်ရွက်မည့်ကဏ္ဍများနှင့် အာဆီယံ-အမေရိကန်အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ဉာဏ်ရည်တုနည်းပညာကဏ္ဍနှင့် အာကာသနည်းပညာကဏ္ဍတို့အပါအဝင် ကဏ္ဍရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို အဆင့်(၃)ဆင့်ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးမှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံနှင့်နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် မြန်မာအစိုးရက အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ဖော်ထုတ်နှိမ်နင်းရေး ဆောင်ရွက်နေမှု အခြေအနေများအပေါ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။


