(၃၀-၁၀-၂၀၂၆၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၁၀၀ နာရီတွင် အော်တာဝါမြို့ရှိ Royal Ottawa Golf Club ၌ ကျင်းပပြုလုပ်သည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ (၂၉၇) ကြိမ်မြောက် အာဆီယံသံရုံးအကြီးအမှူးများ အစည်းအဝေးနှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအမှူးများက အာဆီယံ-ကနေဒါ ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ တိုးတက်မှုအခြေအနေများ၊ လာမည့်အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ကနေဒါနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရေးဆိုင်ရာ အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း အပြန်အလှန် အသိပေးဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအမှူးများသည် ကနေဒါ-အာဆီယံ ပါလီမန်အချင်းချင်း ချစ်ကြည်ရေးအဖွဲ့ (Canada-ASEAN Interparliamentary Friendship Group) ၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ကနေဒါအထက်လွှတ်တော်အမတ် The Honourable Senator Clément Gignac နှင့် ဝန်ကြီးချုပ်၏ ပါလီမန်အတွင်းဝန် The Honourable Kody Blois, P.C., M.P. တို့နှင့်အတူ အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြပြီး အာဆီယံ-ကနေဒါ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည်လည်း အဆိုပါအစည်းအဝေးနှင့် အလုပ်သဘော နေ့လယ်စာစားပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အမြင်ချင်းဖလှယ်မှုများတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။



