အာဆီယံကော်မတီမှ ဦးစီးကျင်းပသော (၂၉၆) ကြိမ်မြောက်အစည်းအဝေးနှင့် အလုပ်သဘော နံနက်စာစားပွဲသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် (၁၅-၆-၂၀၂၆၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အာဆီယံကော်မတီ(အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး H.E. Ang Lay Ling ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက် (တနင်္လာနေ့)၊ နံနက် (၀၈၀၀) နာရီတွင် အော်တာဝါမြို့၊ Rideau Club ၌ ကျင်းပပြုလုပ်သည့် အာဆီယံကော်မတီ (အော်တာဝါ) ၏ (၂၉၆) ကြိမ်မြောက် အစည်းအဝေးနှင့် အလုပ်သဘော နံနက်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံ သံရုံးအကြီးအကဲများက အာဆီယံ-ကနေဒါ မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်ရေး၊ အင်ဒို – ပစိဖိတ် မဟာဗျူဟာ အကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ အာဆီယံ – ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ ချက် ညှိနှိုင်းဆောင်ရွက်မှု၊စွမ်းအင်လုံခြုံရေး၊ သန့်ရှင်းသောစွမ်းအင် ကူးပြောင်းရေး (Clean Energy Transition)၊ အရေးကြီးသတ္တုများ (Critical Minerals)၊ ရေရှည်တည်တံ့သော သဘာဝ သယံဇာတ စီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်ကာလအတွင်း အာဆီယံကော်မတီ (အော်တာဝါ)၏ ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီ အစဉ်များကို လည်းကောင်း၊ ဇူလိုင်လတွင် အာဆီယံကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန် ယူမည့် အင်ဒိုနီးရှားသံအမတ်ကြီးက အာဆီယံနေ့အခမ်းအနားနှင့် ကနေဒါတက္ကသိုလ်များနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများပြုလုပ်မည့် အစီအစဉ်များကိုလည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပါသည်။
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံလျက်ရှိသည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်နေသည့် ချစ်ကြည်ရေးခရီးစဉ်သည်လည်း ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှု၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် အရေးပါသည့် ခရီးစဉ်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။