(၂-၆-၂၀၂၃ ရက်နှင့် ၃-၆-၂၀၂၃ ရက်၊ ဟီရိုရှီးမားမြို့)
အာဆီယံ-ဂျပန်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် (၅၀) ပြည့် အထိမ်းအမှတ်နှင့် ဟီရိုရှီးမား-အာဆီယံ အဖွဲ့အစည်း တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟီရိုရှီးမား-အာဆီယံအဖွဲ့အစည်း၏ ဖိတ်ကြားမှုဖြင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် အာဆီယံသံအမတ်ကြီးများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၃ ရက်အထိ ဟီရိုရှီးမားမြို့သို့ သွားရောက်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ၂-၆-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် အာဆီယံသံအမတ်ကြီးများ နှင့်အတူ ဟီရိုရှီးမားပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Hidehiko Yuzaki နှင့် ဟီရိုရှီးမားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ Mr. Takashi Nakamoto တို့အား သွားရောက်တွေ့ဆုံခဲ့ပြီး၊ ဟီရိုရှီးမား ပြည်နယ်နှင့်အာဆီယံနိုင်ငံများအကြား ဆက်သွယ်ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေး၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အာဆီယံ သံအမတ်ကြီးများသည် ဟီရိုရှီးမားပြည်နယ်လွှတ်တော်ကို သွားရောက်လေ့လာခဲ့ကြပါသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် တိုကျိုမြို့ အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၁၆) ကြိမ်မြောက် အစည်းအဝေးအား ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. SHAHBUDIN Haji Musa က ကြီးမှူး၍ ဟီရိုရှီးမားမြို့ရှိ Rihga Royal Hotel တွင် ကျင်းပခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံ-ဂျပန် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် (၅၀) ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများ ပြုလုပ်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ သံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံသံအမတ်ကြီးများသည် ဟီရိုရှီးမား-အာဆီယံ အဖွဲ့အစည်း၏ အစီအစဉ်ဖြင့် Mazda Museum သို့ သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် ဟီရိုရှီးမား-အာဆီယံ အဖွဲ့အစည်း တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ် အထွေထွေ အစည်းအဝေးနှင့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဧည့်ခံပွဲတွင် ဟီရိုရှီးမား-အာဆီယံအဖွဲ့အစည်း ဥက္ကဋ္ဌ Mr. Yukiharu Kodama က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး၊ အဖွဲ့အစည်း တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်နှင့် အာဆီယံကော်မတီ(တိုကျို)၏ ဟီရိုရှီးမား ခရီးစဉ်အတွက် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါမှ ပေးပို့သော သဝဏ်လွှာအား အခမ်းအနားမှူးမှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် အာဆီယံသံအမတ်ကြီးများကိုယ်စား ဥက္ကဋ္ဌ ဘရူနိုင်းသံအမတ်ကြီးနှင့် ဟီရိုရှီးမားပြည်နယ်အုပ်ချုပ်ရေးမှူး တို့က ဝမ်းမြောက်ကြောင်း မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပြီး၊ သံအမတ်ကြီး ဦးစိုးဟန်နှင့် ကျန်အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ဟီရိုရှီးမား တက္ကသိုလ်၌ ပညာသင်ကြားလျက်ရှိသော နိုင်ငံတကာကျောင်းသားများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ထို့နောက် ဟီရိုရှီးမား-အာဆီယံအဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ Mrs. Setsuko Komatsu က နိဂုံးချုပ်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃-၆-၂၀၂၃ ရက်တွင် သံအမတ်ကြီး ဦးစိုးဟန်သည် အာဆီယံသံအမတ်ကြီးများနှင့်အတူ ဟီရိုရှီးမား-အာဆီယံအဖွဲ့အစည်း၏ အစီအစဉ်ဖြင့် Miyajima ကျွန်းသို့ သွားရောက် လေ့လာခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ဟီရိုရှီးမားမြို့ရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူများအတွက် အထိမ်းအမှတ်ကျောက်တိုင်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းခွေချခဲ့ပြီး ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် သံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံသံအမတ်ကြီးများသည် ဟီရိုရှီးမားမြို့တော်ဝန် Mr. Kazumi Matsui ကို တွေ့ဆုံခဲ့ပြီး ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆက်ဆံရေး၊ ဟီရိုရှီးမားမြို့နှင့် အာဆီယံနိုင်ငံများရှိမြို့ကြီးများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။









