အာဆီယံကော်မတီကူဝိတ်၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားနှင့် အာဆီယံသံအမတ်ကြီးအသစ်များကို ကြိုဆိုသည့်အခမ်းအနားတို့သို့ မြန်မာသံအမတ်ကြီး တက်ရောက်

(၁၈-၄-၂၀၂၆ရက်၊ကူဝိတ်)

၂၀၂၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ် (ASEAN Committee Kuwait- ACK)၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့်အခမ်းအနားနှင့် ကူဝိတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Songchai Chaipatiyut နှင့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. Chhay Makara တို့အားကြိုဆိုသည့် အခမ်းအနားတို့ကို အင်ဒိုနီးရှားသံအမတ်ကြီး၏ နေအိမ်၌ပြုလုပ်ခဲ့ရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများနှင့် အတူတက်ရောက်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကူဝိတ်ရှိ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးဖက်အဖွဲ့ (Asia Cooperation Dialogue-ACD) အတွင်းရေးမှူးချုပ်နှင့် သံတမန်များ၊ သတင်းဌာနများမှ ဒေသခံသတင်းထောက်များလည်း တက်ရောက်ခဲ့ကြပါသည်။

ACK၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းအခမ်းအနားကိုပြုလုပ်ခဲ့ရာ လက်ရှိအလှည့် ကျဥက္ကဌတာဝန်ယူထားသည့် ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Mrs. Lena Maryana က ၎င်း၏ ဥက္ကဋ္ဌသက်တမ်းကာလအတွင်း ပြုလုပ်ခဲ့သော ACK လှုပ်ရှားမှုများကို အကျဉ်းချုပ်ပြန်လည်တင်ပြခဲ့ပြီး ပံ့ပိုးကူညီမှုများအတွက်ACKအဖွဲ့ဝင်များအားလုံးကို ကျေးဇူး တင်ကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင် ကူဝိတ်သို့ အသစ်ရောက်ရှိလာသည့် ထိုင်းသံအမတ်ကြီးနှင့် ကမ္ဘောဒီးယားသံအမတ်ကြီးတို့ကိုလည်း ACK မှ ကြိုဆိုကြောင်းပြောကြားခဲ့ကာ တက်ရောက်လာကြသူများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ထို့နောက် ACK အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး Mr. Sulaini Said ထံသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် အလှည့်ကျဥက္ကဌအသစ် ဘရူနိုင်းသံအမတ်ကြီးက ကူဝိတ်၌ ASEAN အခန်းကဏ္ဍကိုမြှင့်တင်ရန်အတွက် ACK မှ အနာဂတ်တွင် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားအပြီးနောက် တက်ရောက်လာကြသူများကို ACK လှုပ်ရှားဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းပြသခဲ့ပြီး အင်ဒိုနီးရှားစားသောက်ဖွယ်ရာများဖြင့် ဧည့်ခံခဲ့ပါသည်။