(၁၅-၄-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့်စပ်လျဉ်းသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဒုတိယအကြိမ် အထူး အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အရှေ့အလယ်ပိုင်းဒေသ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ စွမ်းအင်လုံခြုံရေးနှင့် စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍများတွင် အာဆီယံအပေါ် အကျိုးသက်ရောက်မှုအခြေအနေများနှင့် ဖြစ်နိုင်ခြေရှိသော ရှေ့ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ အမြဲတမ်းအတွင်းဝန်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်အပေါ် အခြေခံသည့် အပြုသဘော တွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုများကသာ ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခတွင် ပါဝင်ပတ်သက်သည့်နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန်လေးစား၍ ပဋိပက္ခနှင့် တင်းမာမှုများကိုလျှော့ချကာ ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။


