အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄/၂၀၂၆)  သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

(၃၁-၃-၂၀၂၆ ရက်၊ နေပြည်တော်)

          နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ခဲ့သည့် အမှုထမ်းငယ်များအတွက် အခြေခံရုံး လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် (အင်္ဂါနေ့)၊ (၁၃၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၆) ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၃−၃−၂၀၂၆ ရက်မှ ၃၁−၃−၂၀၂၆ ရက်အထိ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသစ်ခန့်အပ်လိုက်သည့် အမှုထမ်းငယ် စုစုပေါင်း (၂၂)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာများ၊ နိုင်ငံခြားရေးရာမူဝါဒများ၊ နှစ်နိုင်ငံဆက်ဆံရေးများ၊ ဒေသတွင်းနှင့်နိုင်ငံတကာရေးရာကိစ္စရပ်များ၊ ကောင်စစ်ရေးရာနှင့် နယ်နိမိတ်ရေးရာကိစ္စရပ်များ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် ကွန်ပျူတာကျွမ်းကျင်မှုတို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ပါသည်။