(၃-၃-၂၀၂၆ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အမှုထမ်းငယ်များအတွက် အခြေခံ ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀:၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန သီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်း သား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းသို့ အမှုထမ်းငယ် စုစုပေါင်း ( ၂၂ )ဦးတက်ရောက်မည်ဖြစ်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာများ၊ နှစ်နိုင်ငံဆက်ဆံရေး၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသတွင်း အဖွဲ့အစည်းများဆိုင်ရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များ၊ ကောင်စစ်ရေးရာကိစ္စရပ်များ၊ အခြေခံရုံးလုပ်ငန်းများ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ကွန်ပျူတာလက်တွေ့ အသုံးချခြင်းနှင့် ဦးစီးဌာနများအသီးသီးသို့ လက်တွေ့လေ့လာခြင်းဆိုင်ရာများစသည့် ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ(၄)ပတ်ဖြင့် စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။






