အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်

(၂၆-၄-၂၀၂၂ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ၂၆-၄-၂၀၂၂ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးအား ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိကြီး H.E. EAT Sophea က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ဦးစားပေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခြင်း၊ အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်သို့ ဝင်ရောက်မည့် အာဆီယံပြင်ပနိုင်ငံများဆိုင်ရာကိစ္စ၊ အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး၊ (၁၇) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး၏ ထုတ်ပြန်ချက်များကိစ္စ၊ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ အာဆီယံနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် ကမ်းလှမ်းလာသည့်ကိစ္စတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာအဆင့်မြင့်အရာရှိကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများအပေါ် ထောက်ခံကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ၏ အသိုက်အဝန်းထူထောင်ခြင်း အပါအဝင် အာဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာလုပ်ငန်းများ၌ အာဆီယံနှင့် နီးကပ်စွာ အပြုသဘောဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။