
(၁၇-၂-၂၀၂၂၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ၁၆-၂-၂၀၂၂ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ Video conference ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးအား ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. EAT Sophea က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးစာချုပ်သို့ ဝင်ရောက်မည့် အာဆီယံပြင်ပနိုင်ငံများဆိုင်ရာကိစ္စ၊ အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး၊ (၁၁)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ်နှင့် (၉)ကြိမ် မြောက်အာဆီယံ ပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်တွင် ဆုံးဖြတ်ခဲ့သည်များကို ဆက်လက် အကောင်အထည်ဖော်ရေး နှင့် အာဆီယံနှင့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ နျူကလီးယားလက်နက်တားမြစ်ရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်း ဆောင်ရွက်ရန် အဆိုပြုချက်တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာအဆင့်မြင့်အရာရှိကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများအပေါ် ထောက်ခံကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အသိုက်အဝန်းထူထောင်ခြင်း အပါအဝင် အဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာလုပ်ငန်းများ၌ အာဆီယံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့အပြင် အမြဲတမ်းအတွင်းဝန်က အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံကိစ္စ ဆွေးနွေးရာတွင် အာဆီယံ၏ ပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အခြေခံမူများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံ၏ရပ်တည်ချက် သဘောထားများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

