(၉-၅-၂၀၂၃ ရက်၊ နေပြည်တော်)
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ၉-၅-၂၀၂၃ ရက်၊ ၁၃:၀၀ နာရီတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က မြန်မာနိုင်ငံအပေါ် မိုခါမုန်တိုင်း ကျရောက်လာပါက လိုအပ်သည့် အကူအညီများ အချိန်မီ ရရှိနိုင်ရေးအတွက် အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများထံသို့ ကြိုတင်အကြောင်းကြားထားရှိရေးနှင့် နိုင်ငံတကာအကူအညီများ မြန်မာနိုင်ငံအတွင်းရှိ ဘေးသင့်ဒေသများသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန်အတွက် မြန်ဆန်သည့် လမ်းကြောင်းတစ်ခု တည်ထောင်ရေးတို့ကို ပြောကြားခဲ့ပါသည်။
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် က မုန်တိုင်းဘေးဒဏ် ခံစားရနိုင်သည့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာများက ထိုင်းဘတ်ငွေ (၁.၀၇) သန်းကျော် တန်ဖိုးရှိ အသင့်စား ခေါက်ဆွဲခြောက်ထုပ်ပေါင်း (၁၅၀,၀၀၀) ကျော် ကြိုတင်လှူဒါန်းထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့အပြင် ကော်မတီဝင်များက မုန်တိုင်းသင့် ပြည်သူများအတွက် အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်များ ဖြတ်သန်းခွင့်/ ဆင်းသက်/ ရပ်နားခွင့်၊ အခွန်ကင်းလွတ်ခွင့်များ၊ ပြည်ဝင်ဗီဇာခွင့်ပြုရေး၊ ကုန်တင်/ ကုန်ချကိစ္စများကို အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးရေး စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။

