အမျိုးသားလွှတ်တော်၌ ကျင်းပသည့် (၇၈) ကြိမ်မြောက် ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး တက်ရောက်

(၁၇-၇-၂၀၂၆၊ ဆိုးလ်)

​​ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ဆိုးလ်မြို့၊ Yeouido ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံ (National Assembly of the Republic of Korea) ၌ ကျင်းပပြုလုပ်သည့် (၇၈) ကြိမ်မြောက် ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ (Constitution Day) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။​

ကိုရီးယားသမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့သည် ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့သည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော အမျိုးသားလွှတ်တော်ဝင်းအတွင်း ခမ်းနားထည်ဝါစွာ ကျင်းပသော နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုဖြစ်သည်။ ယခု ၂၀၂၆ ခုနှစ်၏ ထူးခြားချက်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် Constitution Day ကို အများပြည်သူရုံးပိတ်ရက် (Public Holiday) အဖြစ် ပြန်လည်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ဒီမိုကရေစီခရီးစဉ်၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တန်ဖိုးများကို ဂုဏ်ပြုသည့် တရားဝင်အခမ်းအနားနှင့် အနုပညာတင်ဆက်မှုများအပြီးတွင် လွှတ်တော်အဖွဲ့ဝင်‌ဟောင်းများကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး Parliamentarian’s Society of the Republic of Korea ၏ ဥက္ကဋ္ဌ Hon. Chung Dai-chul နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Cho Jeong-sik တို့က (၇၈) ကြိမ်မြောက် ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ (Constitution Day) အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆိုးလ်မြို့အခြေစိုက် နိုင်ငံတကာသံတမန်ရေးရာ အဖွဲ့အစည်းများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။