အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ (၇၀) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၁၅-၉-၂၀၂၆၊ ဗီယင်နာ)

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ (၇၀) ကြိမ်မြောက် အထွေထွေညီလာခံကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ၁၄-၉-၂၀၂၆ ရက်မှ ၁၈-၉-၂၀၂၆ ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိင်္ဂီမောင်မောင်နှင့်အတူ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိသည်။

၁၄-၉-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် ညီလာခံဖွင့်ပွဲအခမ်းအနား၌ အာဂျင်တီးနား အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Gustavo Zlauvinen အား ညီလာခံသဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခြင်း၊ သဘာပတိက အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ပေးပို့သောသဝဏ်လွှာအား ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူးချုပ် Ms. Monica Juma က ဖတ်ကြားခြင်း၊ IAEA ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi က မိန့်ခွန်းပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး၊ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု (General Debate) အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့သည်။