အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး၏ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်များကို မြန်မာကိုယ်စားလှယ်က ပြတ်သားစွာကန့်ကွက်၍ ယင်းနှင့် ပတ်သက်သည့်အဆိုမူကြမ်းကို ပယ်ချခဲ့

(၅-၁၁-၂၀၁၉ ရက်၊ နယူးယောက်မြို့)

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (International Criminal Court-ICC) ၏ ၂၀၁၈-၁၉ ခုနှစ်တွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အစီရင်ခံစာကို ၄-၁၁-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၂၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ ဆွေးနွေးခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အောက်ပါအတိုင်း ကန့်ကွက်ပြောကြားခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်သည့် အဆိုမူကြမ်းကို ပယ်ချခဲ့ပါသည်-

– ယခုအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ပါဝင်ဆွေးနွေးခြင်းသည် မည်သည့် အကြောင်းပြချက်နှင့်မျှ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ကိုလည်းကောင်း၊ ယင်းမှ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်ကို လည်းကောင်း မြန်မာနိုင်ငံက လက်ခံသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ခြင်း မရှိရဟု ဦးစွာပြောကြားလိုကြောင်း၊

– မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ICC Pre-Trial Chamber က ၆-၉-၂၀၁၈ ရက်နေ့၌ ဆုံးဖြတ်ခဲ့သည်ကို လုံးဝပယ်ချပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် လုပ်ထုံးလုပ်နည်းအရ မှားယွင်းချွတ်ချော်နေသလို ဥပဒေကြောင်းအရလည်း သံသယပွားဖွယ်ဖြစ်ကြောင်း၊

– မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်သည့်အတွက် တရားရုံးကို အသိအမှတ်ပြု လေးစားလိုက်နာရန် တာဝန်မရှိကြောင်း မိမိတို့၏ ရပ်တည်ချက်ကို ထည့်လောင်း အတည်ပြုပြောကြားလိုကြောင်း၊ ICC ပဋိညာဉ်၏ မည်သည့်ပြဋ္ဌာန်းချက်တွင်မျှ ယင်းစာချုပ်ကို လက်ခံပါဝင်ထားခြင်း မရှိသော နိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ဖော်ပြထားခြင်း မရှိကြောင်း၊

– ICC ဥပဒေချုပ်အနေဖြင့် မြန်မာကိစ္စတွင် ဥပဒေအရ လျော်ကန်မှု မရှိသည့်အချက်ကို လည်းကောင်း၊ မြန်မာအစိုးရက ရခိုင်ပြည်နယ်ကိစ္စ အထူးသဖြင့် နေရပ်စွန့်သူများ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ချက်များကိုလည်းကောင်း တမင်မျက်ကွယ်ပြုထားကြောင်း၊

– ICC ဥပဒေချုပ်၏ လုပ်ဆောင်ချက်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရဟူသော ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ အခြေခံမူကြီးများကို ချိုးဖောက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း၊

– ICC ဥပဒေချုပ်၏ လုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင်သာမက ICC ပဋိညာဉ်၏ နိဒါန်းတွင် ပြန်လည်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျက်ရှိကြောင်း၊

– ICC ဥပဒေချုပ်သည် နိုင်ငံရေးပယောဂနှင့် ကိုယ်ကျိုးစိတ်ခံစားမှုကို အခြေခံ၍ အမှုကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ စုံစမ်းစစ်ဆေးခွင့်ပြုရန် လျှောက်ထားချက်တွင် အာဆာအဖွဲ့က ဟိန္ဒူများအပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်ခဲ့သော ကြီးလေးသည့် ပြစ်မှုများ မပါဝင်ကြောင်း၊

– ICC တရားသူကြီး၏ လျှေောက်ထားချက်တွင် အာဆာအဖွဲ့၏ အကြမ်းဖက်မှုများကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခဲ့ရသည့်အဖြစ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားပြီး အချက်အလက်မှားများနှင့် အတည်မပြုနိုင်သည့် ထွက်ချက်များပါဝင်သည့် လူ့အခွင့်အရေး အစီရင်ခံစာများအပေါ်တွင် လုံးလုံးလျားလျား အခြေခံထားပါကြောင်း၊

– ရခိုင်ပြည်နယ်ပြဿနာသည် ဘာသာရေးပြဿနာ (သို့မဟုတ်) လူမျိုးစုတစ်ခုကို နှင်ထုတ်ရန် ကြိုးစားသည့်လုပ်ရပ် မဟုတ်ပါကြောင်း၊

– အမှန်စင်စစ် ယင်းသည် ကိုလိုနီခေတ်ကတည်းက ရှိနေခဲ့သော နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ထိုအချိန်က ဘင်္ဂလားဒေသ အထူးသဖြင့် စစ်တကောင်းဘက်မှ ရွှေ့ပြောင်းလုပ်သားများကို ဗြိတိသျှ အာဏာပိုင်များက ရခိုင်ပြည်နယ်သို့ အလုံးအရင်းနှင့် ပို့ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးစစ်ပွဲကာလအတွင်း နယ်စပ်ဖြတ်ကျော်၍ အလုံးအရင်းနှင့် ဝင်ရောက်မှု နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ခဲ့ကြောင်း၊

– ယင်းပြဿနာကို ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့ခြင်းတို့က ပိုမို ဆိုးရွားစေခဲ့ကြောင်း၊ ဒေသခံတိုင်းရင်းသားအသိုက်အဝန်းများနှင့် ရွှေ့ပြောင်းနေထိုင်သည့် အသိုက်အဝန်းတို့အကြား တင်းမာမှု၊ အပြန်အလှန် ယုံကြည်မှုကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှာ နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊

– ခေတ်အဆက်ဆက် ပစ်ပယ်ထားသည့် ယင်းပြဿနာကို ဖြေရှင်းရန်အတွက် လက်ရှိ ဒီမိုကရေစီအစိုးရက ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ခန့်အပ်ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်၏ အကြံပြုချက် အစီရင်ခံစာ ထုတ်ပြန်သည့်နေ့တွင်ပင် အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း၊

– ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်ခဲ့ရခြင်းသာဖြစ်ကြောင်း၊ အစုလိုက် နေရပ်စွန့်ခွာမှုဖြစ်ရပ်၏ တရားခံအစစ်အမှန်မှာ အာဆာအကြမ်းဖက်သမားများသာ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူများကို နိုင်ငံပြင်ပသို့ နှင်ထုတ်ခဲ့ခြင်း မရှိကြောင်း၊

– မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်၊ UNDP ၊ UNHCR ၊ ASEAN နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများ အကူအညီဖြင့် နေရပ်စွန်သူများ ၎င်းတို့ဆန္ဒအလျောက် လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အာဆာအကြမ်းဖက်အဖွဲ့သည် ကြီးမားသည့် အဟန့်အတားတစ်ခု ဖြစ်နေကြောင်း၊

– အာဆာအဖွဲ့၏ ခြိမ်းခြောက်မှုများရှိသော်လည်း မိမိအစီအစဉ်ဖြင့် မိမိဆန္ဒအလျောက် ပြန်လာသည့် နေရပ်စွန့်သူ (၄၀၀) ကျော် ရှိသွားပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးသည့် အထောက်အထားရှိသူများကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း၊

– နေရပ်စွန့်သူများ နေရပ်ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊

– တာဝန်ခံမှုနှင့်ပတ်သက်၍ မိမိတို့ပိုင်နက်နယ်မြေအတွင်း ရာဇဝတ်မှုကျူးလွန်သူ မည်သူ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း၊ ထိုသို့အရေးယူနိုင်ရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း အာဆာအကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်သည့် ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊

– ၎င်းတို့အနေဖြင့် အကြုံပြုချက်များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရန် ပြုစုလျက်ရှိကြောင်း၊

– ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အထူးသဖြင့် ကနေဒါနိုင်ငံက ဤခန်းမအတွင်း ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးရန် တောင်းဆိုမှုများကို ပြင်းထန်စွာကန့်ကွက်ပါကြောင်း၊

– ၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဂမ်ဘီယာနိုင်ငံ စစ်အာဏာရှင်အုပ်စိုးစဉ်ကာလ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်ဆိုင်ရာ ပြစ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် လက်ရှိ တာဝန်မှ ရပ်ဆိုင်းထားရန် တရားဝင် တိုင်တန်းခံနေရသည့် ICC ဥပဒေချုပ်၏ ဥပဒေအရ လျော်ကန်မှုမရှိသည့်လုပ်ရပ်ကို ထောက်ခံသော အဆိုပါနိုင်ငံများ၏ ရည်ရွယ်ချက်နှင့် ရိုးသားမှုကို မေးခွန်းထုတ်လိုပါကြောင်း၊

– ယခုအစည်းအဝေးတွင် အတည်ပြုမည့် ICC အစီရင်ခံစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်သည် မိမိတို့နှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်းကို တရားဝင်မှတ်တမ်းတင်နိုင်ရန် ပြောကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။