အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၀-၁၂-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Mr. CHHOUK Bunna အား ၂၀-၁၂-၂၀၁၉ ရက်၊ ၁၀၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်ဆောင်ရွက်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံအကြား သံတမန်တည်ထောင်ခြင်း (၆၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများ ပူးတွဲကျင်းပသွားနိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အားကစားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ပုဂံနှင့် ဆီရမ်ရိ ညီအစ်မ မြို့တော်များအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲသွားနိုင်ရေး၊ ညီအစ်မမြို့တော် တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေး၊ အခွန်နှစ်ထပ်ကောက်ခံမှု ရှောင်ရှားရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ထောက်ခံကူညီသွားရေးတို့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ကြားနာမှုဆိုင်ရာ ကိစ္စရပ်များနှင့်Aပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။