အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာပေးအပ်

(၂၉-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme-WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr. Stephen Lowrie Anderson အား ၂၉-၁၁-၂၀၁၉ ရက် (သောကြာနေ့)၊ ၁၁၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် Mr. Stephen Lowrie Anderson က ၎င်း၏ ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ခဲ့သည်။

ခန့်အပ်လွှာပေးအပ်ပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာမြောက် အစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနှင့် အာဟာရပြည့်ဝမှု၊ အစားအစာဖူလုံမှုနှင့် အသက်မွေးမှု အခွင့်အလမ်းများ တိုးတက်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အပါအဝင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။