အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ၏ အလုပ်သဘောညစာစားပွဲ၊ (၂၀)ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့် (၂၄)ကြိမ်မြောက် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း

(၂-၁၁-၂၀၁၉ ရက်နေ့၊ ဗန်ကောက်မြို့)

(၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်း အဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၁-၁၁-၂၀၁၉ ရက်နေ့၊ ၁၈၃၀ နာရီတွင် ထိုင်းနိုင်ငံခြာရေးဝန်ကြီး Don Pramudwinai က Bangkok Marriott Hotel ၌ တည်ခင်းဧည့်ခံသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလုပ်သဘောညစာစားပွဲသို့ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

၂-၁၁-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် Bangkok/Nonthaburi ရှိ IMPACT Exhibition and Convention Center ၌ ဝ၉၀ဝ နာရီတွင် ကျင်းပပြုလုပ်သည့် 20th ASEAN Political-Security Community Council အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် စဉ်ဆက်မပြတ်တည်တံ့ဖို့ မိတ်ဘက်ဆက်ဆံရေးတိုးမြှင့်စို့ ခေါင်းစဉ် အောက်မှ ရေရှည်တည်တံ့သောလုံခြုံမှု (Sustainable Security) ကိစ္စအပါအဝင် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ ကဏ္ဍအလိုက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ၁၀၄၅ နာရီတွင် ကျင်းပပြုလုပ်သည့် 24th ASEAN Coordinating Council (ACC) အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး၊ အစည်းအဝေးတွင် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံ အကြီးအကဲများက ချမှတ်ခဲ့သည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေကိစ္စ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး ပိုမိုခိုင်မြဲရေးကိစ္စ၊ ASEAN Vision 2025 နှင့် Sustainable Development 2030 တို့အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် ဒေသတွင်း ပေါင်းစည်းဆက်သွယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် Treaty of Amity and Cooperation in Southeast Asia (TAC) သို့ ဂျာမနီနှင့် ဘာရိန်းနိုင်ငံတို့မှ ပါဝင်လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့လည်း တက်ရောက်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ၁၅၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ASEAN Business and Investment Summit (ABIS) 2019 သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည့် အခမ်းအနားနှင့် ၁၇၀ဝ နာရီတွင် ကျင်းပပြုလုပ်သည့် (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (မျက်နှာစုံညီ)၊ ၁၈၄၀ နာရီတွင် အာဆီယံအတွင်းရေးမှူး ချုပ် Dato Lim Jock Hoi နှင့် Federation Internationale de Football Association (FIFA) ဥက္ကဌ Mr. Gianni Infantino တို့မှ အာဆီယံနှင့် FIFA အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည့် အခမ်းအနားများသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။