အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံခဲ့ခြင်း

(၂၃-၈-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ Mr. Knut Ostby အား ၂၃-၈-၂၀၁၉ ရက်နေ့၊ ၁၀၀၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာအစိုးရမှ ဦးဆောင်ရေးဆွဲနေသည့် နေရပ်စွန့်ခွာသူများ၏ ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (မူကြမ်း) အပြီးသတ် ရေးဆွဲနေသည့် ကိစ္စရပ်များ၊ မြန်မာ – UNDP- UNHCR တို့ လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်နေမှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအသစ် ခန့်အပ်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။