အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၁-၇-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိယို မာရိုယားမားအား ၂၁-၇-၂၀၂၀ ရက်၊ ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ဂျပန်သံအမတ်ကြီးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီး၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အောင်မြင်လျက်ရှိသည်ကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး မြန်မာအစိုးရ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီး၊ ကာကွယ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ ဆက်လက် ကူညီပံ့ပိုးပေးသွားမည့်ကိစ္စ၊ ကိုဗစ်ကပ်ရောဂါကာလအလွန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသွားမည့်အလားအလာ၊ မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ (Myanmar-Japan Investment Dialogue) Webinar ကျင်းပသွားနိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်နိုင်သည့် အခြေအနေပေါ်မူတည်၍ နှစ်နိုင်ငံအကြား တရားဝင်ခရီးစဉ်များ ညှိနှိုင်းစီစဉ်သွားနိုင်ရေးကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံတွင် ODA စီမံကိန်းများ ဆောင်ရွက်နေသည့် တာဝန်ရှိကျွမ်းကျင်ပညာရှင်များ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ လာရောက်နိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံမှ အလုပ်သင်လုပ်သားများ၊ ကျောင်းသားများ ဂျပန်နိုင်ငံသို့ သွားရောက်နိုင်ရေးကိစ္စတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။