အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ

(၂၅-၃-၂၀၂၀၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ၂၅-၃-၂၀၂၀ ရက်၊ ၁၄၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ခေါ်ယူတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံရေးဆိုင်ရာ ကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်ရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့ရသည့် အခက်အခဲများအား အငြင်းပွားမှု ဖြေရှင်းရေးယန္တရားဖြင့် ဖြေရှင်းရေးကိစ္စများနှင့် COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်သည့်အချိန်တွင် နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းအဖွဲ့အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။