အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency, IAEA) ၏ ပင်လယ်ပြင်တွင် အဏုမြူနည်းပညာများအသုံးပြုရန် လိုင်စင်ထုတ်ပေးခြင်းအစီအစဉ်(Atomic Technologies Licensed for Applications at Sea, ATLAS) စတင်မိတ်ဆက်သည့် ဝန်ကြီးအဆင့် အခမ်းအနားကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ Waldorf Astoria Washington DC ဟိုတယ်၌ ၂၆-၈-၂၀၂၆ ရက်မှ ၂၇-၈-၂၀၂၆ ရက်အထိ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီနှင့် အမေရိကန်စွမ်းအင်ဝန်ကြီးဌာနတို့က ကြီးမှူးကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ATLAS အစီအစဉ် စတင်မိတ်ဆက်သည့် အခမ်းအနား၏ ပထမနေ့တွင် IAEA ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi နှင့် အမေရိကန်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Chris Wright တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး IAEA အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အဏုမြူစွမ်းအင်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနား၌ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် ATLAS အစီအစဉ်စတင် မိတ်ဆက်မှုအပေါ် ပင်လယ်ရေကြောင်းဆိုင်ရာ အဏုမြူစွမ်းအင်အသုံးပြုမှုများ၊ ပင်လယ်ရေကြောင်းတွင် တပ်ဆင်အသုံးပြုမှုဖော်ဆောင်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အကာအကွယ်ပေးမှုများ၊ ပင်လယ်ပြင်ဆိုင်ရာ တာဝန်ခံမှုများနှင့် တပ်ဆင်အသုံးပြုမှုကို ပံ့ပိုးကူညီခြင်းတို့နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ထောက်ခံရပ်တည်ချက်များကို မိန့်ခွန်းပြောကြားခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့ရာ မြန်မာနိုင်ငံ၏ ရေကြောင်းပထဝီဝင်အနေအထားသည် ရှည်လျားကျယ်ပြန့်သော ကမ်းရိုးတန်းရှိပြီး ကျယ်ပြောသည့် သီးသန့်စီးပွားရေးဇုန် (EEZ) တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားကြောင်း၊ အဆိုပါရေပြင်ပိုင်နက်သည် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ရေကြောင်းလမ်းမကြီးအဖြစ် ရပ်တည်ရုံသာမက အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများနှင့် စီးပွားရေးဆိုင်ရာ အလားအလာကောင်းများ ကြွယ်ဝစွာတည်ရှိရာ အဓိကပင်မအရင်းအမြစ်လည်းဖြစ်ကြောင်း၊ ကမ္ဘာ့ရေကြောင်းကဏ္ဍသည် အသေးစားမော်ဂျူလာနျူကလီးယားဓာတ်ပေါင်းဖို (SMRs) များကို အသုံးပြုလာမှုကြောင့် ကြီးမားသည့်ပြောင်းလဲမှုဖြင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း၊ ရုပ်ကြွင်းလောင်စာများနေရာတွင် SMR ဓာတ်ပေါင်းဖိုများကို အစားထိုးခြင်းဖြင့် ခရီးစဉ်တစ်လျှောက် ဖန်လုံဓာတ်ငွေ့ လုံးဝထွက်ရှိမှုမရှိစေဘဲ ပိုမိုဝေးကွာသောခရီးစဉ်များကို မြန်ဆန်စွာသွားရောက်နိုင်မည်ကိုသိရှိရကြောင်း၊ ကမ္ဘာ့ကုန်သွယ်မှုကွန်ရက်များသို့ အရပ်ဘက်သုံး နျူကလီးယားဓာတ်ပေါင်းဖို မောင်းနှင်မှုစနစ်ကို စတင်မိတ်ဆက်ရာ၌ စည်းစနစ်ကျနပြီး နိုင်ငံတကာတွင် တစ်ပြေးညီဖြစ်သော ကြီးကြပ်ကွပ်ကဲမှုရှိရန် မလွဲမသွေလိုအပ်ကြောင်း၊ လျင်မြန်စွာ တိုးတက်လျက်ရှိသော နည်းပညာဆန်းသစ်မှုများနှင့် ခိုင်မာအားကောင်းသော နျူကလီးယားဆိုင်ရာ စီမံအုပ်ချုပ်မှုများအကြား ပေါင်းကူးပေးနိုင်ရန်အတွက် IAEA သည် ATLAS အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရှည်လျားသောကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် မဟာဗျူဟာမြောက်သော ပင်လယ်ရေကြောင်းတည်နေရာကို ပိုင်ဆိုင်ထားသည့်အတွက် ရေရှည် တည်တံ့ခိုင်မြဲသော အနာဂတ်ဆီသို့ မျှော်မှန်းရာတွင် ယခုကဲ့သို့သော နိုင်ငံတကာစည်းမျဉ်းစည်းကမ်းမူဘောင်များကို စောင့်ကြည့်လေ့လာသွားရန်သည် မရှိမဖြစ်လိုအပ်ကြောင်း၊ ATLAS အစီအစဉ်သည် မြန်မာနိုင်ငံအတွက် အခြေခံအုတ်မြစ်ဖြစ်သော လမ်းပြမြေပုံတစ်ခုကို ပံ့ပိုးပေးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ATLAS အစီအစဉ်အပေါ် များစွာစိတ်ဝင်စားမှုရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနား၏ ပထမနေ့တွင် ပင်လယ်ရေကြောင်းဆိုင်ရာ အဏုမြူစွမ်းအင် အသုံးချဆောင်ရွက်ရန် လိုလားချက်၊ အခွင့်အလမ်းနှင့် မဟာဗျူဟာမြောက်ဆောင်ရွက်မှုများအပေါ် စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၏ ဒုတိယနေ့ (၂၇-၈-၂၀၂၆) ရက်တွင် ATLAS စီမံကိန်းအဖွဲ့(၆)ခု၏ ခေါင်းစဉ်အလိုက် ATLAS အစီအစဉ်ဆိုင်ရာ ရည်မှန်းချက် အောင်မြင်စေရန် ဆောင်ရွက်နိုင်မည့်အခြေအနေအပေါ် သုံးသပ်ချက်များအား သက်ဆိုင်ရာအဖွဲ့အလိုက် IAEA တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနေ့တွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား မေရီလန်းပြည်နယ်၊ Baltimore မြို့ရှိ ပထမဦးဆုံး အဏုမြူစွမ်းအင်သုံး ကုန်သွယ်သင်္ဘော NS Savannah သို့ လေ့လာရေးခရီးစဉ်ပို့ဆောင်ခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သည်လည်း ပါဝင်လေ့လာခဲ့ပါသည်။


