အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လက်ခံတွေ့ဆုံ

(၁၄-၂-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၁၄-၂-၂၀၂၀ ရက် နေ့ (၁၀၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးကို တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းပါဝင်မှုများနှင့်အတူ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့်အပေါ် ချီးကျူးကြောင်း၊ ယခုကဲ့သို့ ခက်ခဲသည့် အချိန်ကာလကို မကြာမီ အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဟုလည်း အပြည့်အဝ ယုံကြည်ကြောင်း၊ ဝူဟန်မြို့ရှိ ပညာသင် မြန်မာကျောင်းသားများ ပြန်လည်ခေါ်ဆောင်ရေးတွင် တရုတ်အစိုးရ၏ ပူးပေါင်းကူညီ ပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းမိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၌ ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့နေရချိန်တွင် နှစ်နိုင်ငံအကြား တည်ထောင်ထားသော အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အခြေခံကာ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၀၀ ကို တရုတ်နိုင်ငံသို့ လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တို့တွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် အကူအညီပေးအပ်သွားမည့် ကိစ္စရပ်များကိုလည်း ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။