အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အအိချိခရိုင်၊ နာဂိုယာမြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ဆုံ

(၁၁-၂-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အအိချိခရိုင်၊ နာဂိုယာမြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio NISHIMURA အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် (၁၅၀၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး၊ နာဂိုယာမြို့ရှိ မြန်မာနိုင်ငံသားများအကျိုးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နာဂိုယာမြို့ရှိ မြန်မာ-ဂျပန် ချစ်ကြည်ရေးအသင်းနှင့် မြန်မာ-ဂျပန် လွှတ်တော်အသင်း ဖွဲ့စည်းခဲ့ခြင်းကိစ္စ၊ နာဂိုယာမြို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်ကိစ္စ၊ မြန်မာနိုင်ငံ၌ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့သွားရေးနှင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသားများအတွက် တရားဝင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ခေါ်ယူသွားနိုင်ရေးကိစ္စတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။