(၁၈-၄-၂၀၂၆ ရက်၊ သည်ဟိတ်ဂ်မြို့)
ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါက်တာခင်သီတာအေးသည် ၁၇-၄-၂၀၂၆ ရက်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ ငြိမ်းချမ်းရေးနန်းတော်၊ Great Hall ခန်းမတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ် Solemn Sitting အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် နယ်သာလန်နိုင်ငံ၏ ဘုရင် King Willem-Alexander ၊ တရားရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တရားသူကြီးများမှ တက်ရောက်ခဲ့ပြီး တရားရုံးဥက္ကဋ္ဌ တရားသူကြီး Judge Iwasawa Yuji ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr. António Guterres ၊ ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌ Ms. Annalena Baerbock ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ Mr. Jamal Fares Al Rowaiei ၊ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Mr. Tom Berendsen တို့မှလည်း အပြည်ပြည် ဆိုင်ရာဥပဒေကို နိုင်ငံများမှ လေးစားလိုက်နာကြရန်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အခန်းကဏ္ဍတို့ကို ထပ်လောင်းဂုဏ်ပြု၍ အမှာစကားများ ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နယ်သာလန်နိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာတရားရေး အသိုက်အဝန်းမှ ကိုယ်စားလှယ်များ၊ နယ်သာလန်အစိုးရဌာနဆိုင်ရာ အကြီးအကဲများ၊ သည်ဟိတ်ဂ်မြို့ မြို့တော်ဝန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

