အစ္စရေး-ဂါဇာနယ်စပ်ရှိ Kerem Shalom Crossing သို့ လေ့လာရေး သံတမန်ခရီးစဉ်တွင် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၁၄-၈-၂၀၂၅ ရက်)

(၁၄-၈-၂၀၂၅၊ တဲလ်အဗီး)

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်နှင့် တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများသည် ၁၄-၈-၂၀၂၅ ရက် (ကြာသပတေးနေ့)တွင် အစ္စရေးနှင့်ဂါဇာနယ်စပ်ရှိ စားနပ်ရိက္ခာများပေးပို့သည့် လမ်းကြောင်းတစ်ခုဖြစ်သည့် Kerem Shalom Crossing ၌ ဂါဇာ ကမ်းမြှောင်ဒေသအတွင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ ဖြန့်ဖြူး ပေးပို့သည့်နေရာသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ Kerem Shalom Crossing သည် အစ္စရေးနှင့် ဂါဇာကမ်းမြှောင်အကြားရှိ နယ်စပ် ဖြတ်ကျော် လမ်းကြောင်းတစ်ခုဖြစ်ပြီး၊ အစ္စရေး၊ အီဂျစ်နှင့် ဂါဇာနယ်စပ်သုံးခုအနီးရှိ အစ္စရေး နိုင်ငံ၊ Kerem Shalom မြို့၏ အနောက်ဘက် ၄ ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ လေ့လာရေးခရီးစဉ်ကို အစ္စရေးနိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Mrs. Sharen Haskel က ဦးဆောင်ခဲ့ပြီး၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် Mr. Gil Haskel နှင့် တာဝန်ရှိသူများအပါအဝင် တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး (၃၀)ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ခရီးစဉ်တွင် H.E. Mrs. Sharen Haskel က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အစ္စရေး အစိုးရ၏ Coordination of Government Activities in the Territories (COGAT) အစီအစဉ် တွင် Civil Humanitarian Effort အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Brigadier General Elad Goren က ဂါဇာကမ်းမြှောင်ဒေသအတွင်းသို့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအထောက်အပံ့များ ပေးပို့နေမှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီးများအဖွဲ့သည် Kerem Shalom Crossing ၏ လက်ရှိအခြေအနေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့နိုင်မှုစွမ်းအားနှင့် စိန်ခေါ်မှုများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။