အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ (၁၅-၆-၂၀၂၆၊ ရန်ကုန်)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်မည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၇/၂၀၂၆)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်(တနင်္လာနေ့)၊ နံနက်(၁၀၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အငြိမ်းစား ဒုတိယဝန်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၇/၂၀၂၆)ကို နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တွင် ၁၅-၆-၂၀၂၆ ရက်မှ ၄-၉-၂၀၂၆ ရက်အထိ ရက်သတ္တ(၁၂)ပတ်ကြာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့များတွင် နံနက် (၀၇၀၀) နာရီမှ (၀၉၀၀)နာရီအထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး၊ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူများ စုစုပေါင်း ( ၉၆ )ဦးခန့် တက်ရောက်ကြမည်ဖြစ်ပါသည်။ သင်တန်းတွင် သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊ နိုင်ငံရေးဘောဂဗေဒနှင့် အထွေထွေဗဟုသုတဆိုင်ရာများစသည့် ဘာသာ ရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
ရန်ကုန်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်