အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ အရေးတကြီး သွားရောက်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များတွင် လိုက်ပါနိုင်ရေး ဆောင်ရွက်ပေးသွားမည့် အစီအစဉ်

၁။ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကာလအတွင်း နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ယာယီရပ်ဆိုင်းထားမှုကြောင့်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကြောင့်လည်းကောင်း ပြည်ပတွင် အခက်အခဲများ ကြုံတွေ့နေကြရသည့် မြန်မာနိုင်ငံသားများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပါသည်။ သို့ရာတွင် နိုင်ငံတကာခရီးသည်လေယာဉ်များ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် အရေးပေါ်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများသည်လည်း အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရှိရပါသည်။

၂။ ထို့ကြောင့် နိုင်ငံတကာခရီးသည်လေယာဉ်များ ယာယီရပ်ဆိုင်းထားစဉ်ကာလအတွင်း ပြည်ပတွင် ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ် သွားရောက်လိုသူများ အတွက်လည်းကောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရန် လိုအပ်နေသည့် အလုပ်သမားများ၊ သင်္ဘောသားများအတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ ပြည်ပတွင် ပညာသင်ကြားရန် သွားရောက်ကြရမည့် ပညာသင်များ၊ ကျောင်းသူ၊ ကျောင်းသားများအတွက်လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အရေးပေါ်သွားရောက်ရန် လိုအပ်နေသူများအတွက်လည်းကောင်း အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ကြစေရန် ရှေးရှုလျက်၊ ပြည်ပသို့ထွက်ခွာမည့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များ၊ အထူးလေယာဉ် (Special Flight) များတွင် လိုက်ပါခွင့် ရရှိစေရေးအတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်‌ပေးသွားမည် ဖြစ်ပါသည်။

၃။ ထိုသို့ ကယ်ဆယ်ရေး/အထူးလေယာဉ်များဖြင့် ပြည်ပနိုင်ငံသို့ အရေးတကြီး သွားရောက်လိုသူ မြန်မာနိုင်ငံသားများအတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် –

(က) မြန်မာနိုင်ငံမှ ထွက်ခွာမည့် Relief Flight၊ Special Flight နှင့် Cargo Flight အချိန်ဇယားများအား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းညှိနှိုင်းလျက် ကြေညာသွားမည် ဖြစ်ပါသည်။

(ခ) ထိုသို့ ပြည်ပသို့ သွားရောက်လိုသော မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများမှ သတ်မှတ်ထားသော ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအလိုက် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများအား ကြိုတင်ပြင်ဆင်ထားရှိရန်ဖြစ်ပြီး ပြည်ဝင်ဗီဇာ လျှောက်ထားခြင်းလုပ်ငန်းကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာသံရုံးများသို့ မိမိအစီအစဉ်ဖြင့် တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။

(ဂ) အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အရေးတကြီး သွားရောက်လိုသူများအနေဖြင့် လျာထားကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များအရ သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ကြိုတင်စာရင်း ပေးသွင်းပြီးနောက် အဆိုပါလေကြောင်းလိုင်းများမှ ခရီးသည်များ သွားရောက်မည့်နိုင်ငံ များ၏ ပြည်ဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသူ စာရင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့မည်ဖြစ်ပါသည်။ (ခြွင်းချက်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်၍ ဆေးကုသမှုခံယူမည့်သူများနှင့် လူနာစောင့်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းသံရုံးသို့ သံတမန်စာဖြင့် ညှိနှိုင်းပေးရန် လိုအပ်ချက်အရ ကာယကံရှင်များအနေဖြင့် လေကြောင်းလိုင်းသို့ စာရင်းပေးသွင်းသည်နှင့် တစ်ပြိုင်နက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ တင်ပြရန် လိုအပ်ပါသည်။)

(ဃ) နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယင်းသို့ပေးပို့လာသည့် ခရီးသည်စာရင်းအား ချမှတ်ထားသည့် ဦးစားပေးအစီအစဉ်အလိုက် စိစစ်လျက် အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ခွင့်ပြုချက်တောင်းခံရယူပြီး ကယ်ဆယ်ရေး/ အထူးလေယာဉ်များတွင် လိုက်ပါနိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သံရုံးများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

(င) ထိုသို့ သက်ဆိုင်ရာ လေယာဉ်ခရီးစဉ်များအလိုက် လိုက်ပါခွင့်ရရှိသူ အတည်ပြုစာရင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ လေကြောင်းလိုင်းများသို့ ပြန်လည်ပေးပို့ သွားမည်ဖြစ်ပြီး၊ လိုက်ပါခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ ဆက်သွယ်၍ လေယာဉ်လက်မှတ်ဝယ်ယူရေး ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ပါသည်။

(စ) ပြည်ပသို့ သွားရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ လိုအပ်ချက်အရ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲစစ်ဆေးချက် ရယူနိုင်ရေးအတွက် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့မဟုတ် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) တို့တွင် မိမိအစီအစဉ်ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း ခံယူရန် ဖြစ်ပါသည်။ (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲစစ်ဆေးပေးနိုင်မှု အကန့်အသတ်အရ သက်ဆိုင်ရာ ကယ်ဆယ်ရေး/ အထူးလေယာဉ်များတွင် အတည်ပြုလိုက်ပါခွင့် ရရှိသူများကိုသာ သတ်မှတ်ရက်အတွင်း ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ပေးမည်ဖြစ်ပါသည်။)

(ဆ) မြန်မာနိုင်ငံဘက်မှ ထွက်ခွာသည့် ကယ်ဆယ်ရေး/ အထူးလေယာဉ်များဖြင့် ဆုံရပ်နိုင်ငံများမှတစ်ဆင့် (အထူးသဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်) လေယာဉ်ကူးပြောင်းလိုက်ပါမည့် သူများအနေဖြင့် လေဆိပ်တွင် Transit စောင့်ဆိုင်းခွင့်ပြုချိန် (၂၄) နာရီအတွင်း မိမိတို့သွားရောက်မည့် နိုင်ငံသို့ ကူးပြောင်းခရီးစဉ် ချိတ်ဆက် လိုက်ပါနိုင်ရေး ကြိုတင်စီစဉ်ထားရှိရန်နှင့် ယင်းသို့ စီစဉ်ထားရှိသည့် လေယာဉ်လက်မှတ်အား သက်ဆိုင်ရာလေကြောင်းလိုင်းသို့ တစ်ပါတည်း ပြသရန် လိုအပ်မည်ဖြစ်ပါသည်။

၄။ လက်ရှိတွင် ပြည်ပနိုင်ငံအများစု၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပြည်ဝင်ကန့်သတ်များ ချမှတ်ဆောင်ရွက်ထားဆဲဖြစ်ရာ ပြည်ပနိုင်ငံအသီးသီးသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများမှ ချမှတ်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် စည်းကမ်းသတ်မှတ်ချက်များအား ကြိုတင် လေ့လာထားကြရန်နှင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်