ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းလီမိတက်မှကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်မှ စက်တင်ဘာလ ၂၇ ရက်အထိ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ အာဆီယံရုပ်ရှင်ပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် Hong Kong Palace Museum ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကို တက်ရောက်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလာရေးဝန်ကြီး Miss Rosanna Law နှင့် ဟောင်ကောင်အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများ၏ နာယကဖြစ်သော မလေးရှားကောင်စစ်ဝန်ချုပ် Mr. Muzambli Markam တို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီးနောက် ဖွင့်ပွဲသို့တက်ရောက်လာသော ဧည့်သည်တော်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ အဆိုပါရုပ်ရှင်ပွဲတော်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် ရုပ်ရှင်ဇာတ်ကားများပါဝင်ပြသသော ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ နီပေါ၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များနှင့် ဟောင်ကောင်-အာဆီယံ ဖောင်ဒေးရှင်းလီမိတက်ဥက္ကဋ္ဌ Mr. Daryl Ng တို့နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်တွင် မြန်မာရုပ်ရှင်အဖြစ် ပါဝင်ပြသသည့် “ညမွှေးပန်းကလေးရဲ့ကျောက်ပုစွန် (I Wanna Be Your Lobster)” အမည်ရှိ မြန်မာရုပ်ရှင်ဇာတ်ကားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ၊ ၁၄၃၀ နာရီတွင် ဟောင်ကောင်မြို့၊ Olympian City-2 ရှိ The Sky (House 3) ရုပ်ရှင်ရုံတွင် ပြသခဲ့ပါသည်။ ရုပ်ရှင်မပြသမီ မြန်မာကောင်စစ်ဝန်ချုပ်မှ ဧည့်ပရိတ်သတ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် အဆိုပါမြန်မာရုပ်ရှင်ကို အတူတကွ ကြည့်ရှုခံစားခဲ့ပါသည်။ ရုပ်ရှင်ပြသမှုအပြီးတွင် အထူးဧည့်သည်အဖြစ် ပါဝင်တက်ရောက်ခဲ့သည့် ရုပ်ရှင်ဒါရိုက်တာ ပြည့်ဇော်ဖြိုးက အဆိုပါရုပ်ရှင်နှင့်ပတ်သက်သည့် အတွေ့အကြုံများကို ဖလှယ်ခဲ့ပြီး ပရိတ်သတ်နှင့် တိုက်ရိုက်မေးမြန်းဖြေကြားမှုများကို ပြုလုပ်ပေးခဲ့ပါသည်။
အဆိုပါမြန်မာရုပ်ရှင်ပြပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းလီမိတက်မှ အမှုဆောင်အရာရှိချုပ် Mr. Charles Chia၊ မြန်မာရုပ်ရှင်ဒါရိုက်တာ ပြည့်ဇော်ဖြိုး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ မြန်မာအသိုက်အဝန်းများနှင့် စိတ်ပါဝင်စားကြသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။





