ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်မှ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးအား ဂါရဝပြုတွေ့ဆုံခြင်းနှင့် အုပ်ချုပ်ရေးမှူးမှ အာဆီယံကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် နေလယ်စာစားပွဲသို့ တက်ရောက်

(၂၄-၁-၂၀၂၆ရက်၊ဟောင်ကောင်)

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး H.E. Mr. John Lee Ka-chiu အား ၂၂-၁-၂၀၂၆ ရက် (၁၀၀၀) နာရီတွင် အုပ်ချုပ်ရေးမှူး၏ ရုံးသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဟောင်ကောင်အုပ်ချုပ်ရေးမှူးမှ အာဆီယံနိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေးအပေါ် အလေးထားမှုကို ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မြှင့်တင်ရန် ဆန္ဒရှိမှုကို ဖော်ပြခဲ့ပါသည်။ မြန်မာကောင်စစ် ဝန်ချုပ်မှလည်း ပြီးခဲ့သည့် ဒီဇင်ဘာလက ဟောင်ကောင် ဒေသရှိ တိုင်ပိုခရိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းနှင့်စပ်လျဉ်း၍ စာနာဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ၌ ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်တစ်နေ့တွင်ပင် ဟောင်ကောင်ဒေသအစိုးရမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့စေလွှတ်ပေးမှုနှင့် ကယ်ဆယ်ရေပစ္စည်းများ ကူညီထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ဟောင်ကောင် ဒေသတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူ များအကြား အပြန်အလှန် ကူးလူးဆက်ဆံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်သည် ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များအား The Murray ဟိုတယ်၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။