ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်း

(၂၉-၆-၂၀၂၀ ရက်၊ ဟောင်ကောင်မြို့)

၁။ ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အချို့မှာ Covid-19 ကပ်ရောဂါကြောင့် လုပ်ငန်းခွင်မှ အလုပ်သမားများ လျှော့ချခဲ့သည့်အတွက် အလုပ်လက်မဲ့ဖြစ်နေသူများ၊ အလုပ်နာရီချိန်များ လျှော့ချခဲ့ခြင်းကြောင့် စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့နေရသူများ၊ အလုပ်စာချုပ် သက်တမ်းကုန်ဆုံးနေကြသူများဖြစ်ပြီး၊ ဆက်လက်နေထိုင်ရန် အခက်အခဲ ကြုံတွေ့နေရပြီး နေရပ်ပြန်လိုသူများရှိနေကြောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သတင်းပို့ အကြောင်းကြားလာမှုများ ရှိခဲ့ပါသည်။

၂။ အဆိုပါမြန်မာနိုင်ငံသားများ နေရပ်ပြန်လည်ထွက်ခွာနိုင်ရေးအတွက် အကူအညီ ပေးနိုင်ရန် ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး၊ Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines-MNA) မှ ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

၃။ သို့ဖြစ်ရာ မကာအိုဒေသမှ မြန်မာနိုင်ငံသား (၁၀၄) ဦး၊ ဟောင်ကောင်ဒေသမှ မြန်မာနိုင်ငံသား (၆) ဦးနှင့် ဟောင်ကောင်ဆိပ်ကမ်း၌ Sign Off ပြုလုပ်ခဲ့သည့် မြန်မာသင်္ဘောသား (၁၁) ဦး စုစုပေါင်း (၁၂၁) ဦးတို့အား ၂၉-၆-၂၀၂၀ ရက် (တနင်္လာနေ့) (၁၃:၃၅) နာရီချိန်တွင် ဟောင်ကောင်ဒေသမှ ရန်ကုန်မြို့သို့ ပျံသန်းမည့် မြန်မာ အမျိုးသားလေကြောင်း (Myanmar National Airlines-MNA) ၏ လေကြောင်းပျံသန်းအမှတ် UB- 8030 ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။

၄။ မကာအိုဒေသမှ ထွက်ခွာသူ မြန်မာနိုင်ငံသား (၁၀၄) ဦး အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများကို ကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်းနှင့် သံအရာရှိတစ်ဦးတို့မှ မကာအိုဒေသသို့ သွားရောက် ကူညီပံ့ပိုးပေးခဲ့ပြီး အဆိုပါခရီးသည်များနှင့် ဟောင်ကောင်ဒေသမှ ထွက်ခွာသူများ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပေါ်သို့ အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရေးအတွက် သံမှူး/ ကောင်စစ်ဝန် ဒေါ်ဖြိုးသူဇာအောင်နှင့် ကောင်စစ်ဝန်ချုပ်ရုံးအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

၅။ အဆိုပါကယ်ဆယ်ရေးလေယာဉ်သည် ရန်ကုန်-ဟောင်ကောင်ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ရောက်ရှိနေပြီး၊ လေကြောင်းလိုင်းများနှင့် ခရီးသွားလာမှုများ ကန့်သတ်ထားခြင်းကြောင့် ပိတ်မိနေသော ဟောင်ကောင်နှင့် မကာအိုဒေသခံများ အပါအဝင် ခရီးသည်စုစုပေါင်း (၄၀) ဦးကိုလည်း ပြန်လည်ခေါ်ဆောင်ပေးခဲ့ပါသည်။

၆။ မကာအိုဒေသမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ယခုကဲ့သို့ ချောမွေ့စွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ လုပ်ငန်းစဉ်များကို မြန်မာပြည်ချစ်သူများ (မကာအို) အဖွဲ့သားများမှ ကူညီပံ့ပိုးပေးခဲ့ ကြောင်း သိရှိရပါသည်။