ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သည့် Mrs. Le Nguyen Ngoc Trinh သည် ၎င်း၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ခန့်အပ်လွှာ (Consular Commission) မူရင်းအား ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ H.E. Mr. Doan Hoang Minh ထံသို့ ၁၇-၇-၂၀၂၆ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် သွားရောက်ပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် အသိအမှတ်ပြုစာချွန်လွှာ (Exequatur) ကို Mrs. Le Nguyen Ngoc Trinh ထံသို့ ပြန်လည်အပ်နှင်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီး ဦးဝေလင်း ပါဝင်တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်သစ်ခန့်အပ်မှုမှတစ်ဆင့် နှစ်နိုင်ငံအကြား တည်ရှိပြီးချစ်ကြည်ရင်းနှီးမှုနှင့် ပြည်သူချင်းထိတွေ့ဆက်မှု ပိုမိုခိုင်မာစေရေး၊ သက်ဆိုင်ရာ နိုင်ငံသားများအကျိုး ကာကွယ်စောင့်ရှောက်ရေးအပါအဝင် ကောင်စစ်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။


