(၈-၁၀-၂၀၂၆၊ ကူဝိတ်)
ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ၇-၁၀-၂၀၂၆ ရက် ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ရှိ Kuwait Foundation for the Advancement of Sciences (KFAS) ၌ ကျင်းပပြုလုပ်သည့် “Water-Secure Future for All” အစီအစဉ်၏ High-Level Dialogue between Partners ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကူဝိတ်နိုင်ငံ လျှပ်စစ်၊ ရေနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝန်ကြီး H.E. Dr. Sobeeh Al-Mukhaizim၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု သံအမတ်ကြီးတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။ ယင်းနောက် “Global Water Priorities and Innovations” ခေါင်းစဉ်ဖြင့် သံအမတ်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် “Collective Water Solutions” ခေါင်းစဉ်ဖြင့် အဖွဲ့လိုက်ဆွေးနွေးပွဲတို့ကို ကျင်းပခဲ့သည်။
အဆိုပါအစီအစဉ်ကို ကူဝိတ်နိုင်ငံအခြေစိုက် အာရပ်စော်ဘွားများပြည်ထောင်စုသံရုံး၊ ဆီနီဂေါသမ္မတနိုင်ငံသံရုံးနှင့် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးတို့က Kuwait Foundation for the Advancement of Sciences (KFAS) နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ ရေဆိုင်ရာ ညီလာခံမတိုင်မီ ကြိုတင်ဆောင်ရွက်မှုတစ်ရပ်အဖြစ် ပူးတွဲစီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။


