ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်းသည် ဂျပန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သည့် H.E. Mr. Dato’ Ahmad Rozian Abd. Ghani အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့)၊ ၁၄၀၀ နာရီတွင် မြန်မာသံရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ကာလရှည်ကြာ သံတမန် ဆက်ဆံရေး၊ နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အာဆီယံကော်မတီ (တိုကျို)မှတစ်ဆင့် တိုကျိုမြို့ရှိ အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ အာဆီယံ-ဂျပန် ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


