(၂၈-၇-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာသံတမန်သင်တန်းကျောင်း(Myanmar Diplomatic Academy) တည်ထောင်ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ရန် သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း (Diploma in Diplomacy-DID) (၁/၂၀၂၅)၏ ရန်ကုန်တန်းခွဲမှ သင်တန်းသား/ သင်တန်းသူ (၄၁) ဦးတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇-၂၈ ရက်များတွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။
သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း (၁/၂၀၂၅) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲမှ သင်တန်းသား/ သင်တန်းသူများ၏ သင်တန်းသားစုံညီ မိတ်ဆုံ ညစာစားပွဲကို အမရာဟိုတယ် (နေပြည်တော်)တွင် ၂၇-၇-၂၀၂၅ ရက်၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး ဒုတိယဝန်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
၂၈−၇−၂၀၂၅ ရက် (တနင်္လာနေ့)၊ နံနက်ပိုင်းတွင် သင်တန်းသား/သင်တန်းသူများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် မြန်မာသံတမန်သင်တန်း ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီးနောက် ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ “မြန်မာနိုင်ငံ၏ နိုင်ငံခြား ရေး မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် သင်ခန်းစာပို့ချမှုအား တက်ရောက်ခဲ့ကြသည်။
ထို့နောက် သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း(၁/၂၀၂၅)၏ ရန်ကုန်တန်းခွဲမှ သင်တန်းသား/သင်တန်းသူများသည် မြန်မာသံတမန်သင်တန်းကျောင်းနှင့် တရားဝင် တွဲဖက်(Affiliate) ပြုလုပ်ထားသည့် Naypyitaw State Academy သို့ သွားရောက်လေ့လာခဲ့ ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် ပါမောက္ခ/ဌာနမှူးများက ကြိုဆိုခဲ့ကြပြီး ခေတ္တပါမောက္ခချုပ်က NSA နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများသည် Naypyitaw State Academy ပရဝဏ်အတွင်း လှည့်လည်လေ့လာခဲ့ ကြသည်။




