




(၂၁-၁၀-၂၀၂၂ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သော ဌာနစုမှူး-၂/ တတိယ အတွင်းဝန်အရာထမ်းငယ်များအတွက် ဖွင့်လှစ်သည့် သံတမန်ရေးရာသင်တန်း (Course in Diplomacy – CID) အမှတ်စဉ် (၇/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက် (သောကြာနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ သင်တန်းပို့ချပေးခဲ့ကြသည့် ဝါရင့်သံတမန်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ နည်းပြဆရာကြီး/ဆရာမကြီးများ၊ တက္ကသိုလ် အသီးသီးမှ ဆရာကြီး/ဆရာမကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့် သင်တန်းသား/သူ (၃၄)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းနည်းပြဆရာကြီး/ဆရာမကြီးများမှ သင်တန်းသား/သူများအား သင်တန်းပြီးမြောက်ကြောင်းအောင်လက်မှတ်များနှင့် ထူးချွန်သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁၅-၈-၂၀၂၂ ရက်နေ့မှ ၃၀-၉-၂၀၂၂ ရက်နေ့အထိလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)တွင် ၃-၁၀-၂၀၂၂ ရက်နေ့မှ ၂၁-၁၀-၂၀၂၂ရက်နေ့အထိလည်းကောင်း စုစုပေါင်းရက်သတ္တပတ်(၁၀)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး၊ အရာထမ်းငယ်များ၏ အရည်အသွေးမြှင့်တင်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတကြွယ်ဝစေရန်အတွက် နိုင်ငံခြားရေးမူဝါဒ၊ နိုငံတကာဆက်ဆံရေး၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ သံတမန်ရေးရာဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ အထွေထွေဗဟုသုတများနှင့် လက်တွေ့အသုံးချအင်္ဂလိပ်စာဘာသာရပ်များ အစရှိသည်တို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

